Tuesday, March 16, 2021

ပလပ်စတစ်ကောက်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်များက အနီးကပ်ပစ်သတ်ခဲ့သည်။

ရန်ကုန် လှိုင်သာယာမြို့နယ်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၁၄) က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် စုစုပေါင်း သေဆုံးသူ ၅၁ ဦးရှိကြောင်း လှိုင်သာယာဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (မတ် ၁၆) နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ပြောသည်။ လှိုင်သာယာတွင် သေဆုံးခဲ့သူများအနက် ၁၈ ဦး၏ ရုပ်အလောင်းကို ယမန်နေ့ညပိုင်းနှင့် ယနေ့မှသာ ဆေးရုံသို့ လာရောက်ပို့ဆောင်ကြခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိ ဒဏ်ရာရရှိသူ ၄၀ ရှိနေသေး ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ယမန်နေ့တွင်လည်း လှိုင်သာယာမြို့နယ်၌ လူသုံးဦးသေဆုံးခဲ့ပြီး ယမန်နေ့ညပိုင်းတွင်း အရပ်သားပြည်သူနှစ်ဦး ထပ်မံ​သေဆုံးခဲ့ကြောင်း သိရသည်။ စစ်တပ်က လမ်းမကြီးများပေါ်တွင် နေရာယူ၍ လူမြင်သမျှ ပစ်ခတ်နေသောကြောင့် ယမန်နေ့ည ၉ နာရီအချိန်ခန့်က အမျိုးသား နှစ်ဦး သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့ခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်။ “သူတို့က ကားလမ်းပေါ်ကနေ လှုပ်လှုပ် ဖြစ်နေတာမှန်သမျှ ပစ်ချသွားတယ်။ လူမြင်တာနဲ့ပစ်တာ။ အဲဒီ ၁ ထိပ်နဲ့ မီးသတ်အဝိုင်းထိ ညဖက်ကို တောက်လျှောက်သွားနေတာ သူတို့က။ အဲဒီမှာ ဘယ်သူ့ကားမှ မသွားဘူး။ တွေ့တာနဲ့ ပစ်တာ။ ညက အဲဒီဖက်မှာ ဂဏန်းတွေရောင်းတဲ့ဒိုင်တွေ ရှိတာပေါ့။ ကားတွေလာတော့ ချောင်းကြည့်လိုက်တာ ခေါင်းတွေပဲပစ်တာ။ နှစ်ယောက်လုံး သေတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။ လှိုင်သာယာမြို့နယ်တွင် အောင်ဇေယျတံတားအဆင်း ၁ ထိပ်မှ မီးသတ်ရှိသော အဝိုင်းနားအထိ စစ်တပ်မှ လမ်းမကြီးများပေါ်တွင် နေရာယူထားပြီး ယမန်နေ့ (မတ် ၁၅ ) ညနေ ၄ နာရီခွဲခန့် ကတည်းက လမ်းမများကို ပိတ်ဆို့ကာ ပစ်ခတ်နေကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။ “ပစ်တာက အတော်များတယ်။ အတွဲလိုက်ကို ပစ်တာ။ ပစ်ပြီးတော့ ခဏ ငြိမ်သွားတယ်။ နောက် တစ်နာရီလောက်ကြာရင် ထပ်ပစ်တယ်။ ပြီးတော့ ငြိမ်သွားရော။ ၆ နာရီခွဲလောက် ထပ်ပစ်တယ်” ဟု လှိုင်သာယာဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ နေ့ခင်းပိုင်း၌လည်း စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံး ခဲ့ရသည်။ လှိုင်သာယာမြို့နယ် အောင်ဇေယျတံတား (၁) ထိပ်တွင် ယနေ့ (မတ် ၁၅) မွန်းလွဲပိုင်းက ပလတ်စတစ်ကောက်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ လက်နက် ကိုင်များက အနီးကပ်ပစ်ခတ်ခဲ့သည်။

လှိုင်သာယာမြို့နယ်တွင် မတ် ၁၅ ရက်က ပလပ်စတစ်ကောက်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်များက အနီးကပ်ပစ်သတ်ခဲ့သည်။ "ကော်ကောက်တဲ့ အဖိုးကြီးကို နားထင်မှာ တေ့ပစ်သွားတယ်။ တစ်ခါတည်းအသက်ပါပါသွားတယ်" ဟု မြို့ခံတစ်ဦးက ယမန်နေ့တွင် ပြောသည်။ လှိုင်သာယာမြို့နယ် အမှတ် (၃) ရပ်ကွက် တစ်ပင်ရွှေထီးလမ်းမကြီးဘေးတွင်လည်း စစ်ကောင်စီ လက်နက်ကိုင် များက လမ်းပေါ်နေ၍ ပစ်ခတ်သွားသဖြင့် အိမ်ထဲတွင် ထိုင်နေသူ အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟုလည်း အထက်ပါမြို့ခံက ပြောသည်။ အဆိုပါ အမျိုးသမီးနှစ်ယောက်၏ ရုပ်အလောင်းကို ဆေးရုံသို့ အရေးပေါ်ကားဖြင့် ပို့ဆောင်လိုက်ပြီး စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး လည်း ဒဏ်ရာရရှိခဲ့သည် ဟု ၎င်းက ပြောသည်။ လှိုင်သာယာမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း စစ်အာရှင်စနစ်ကို အကြွင်းမဲ့ အလိုမရှိသည့် ထောင်နှင့်ချီသော ဒေသခံပြည်သူများက ယမန်နေ့တွင်လည်း စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယမန်နေ့ (မတ် ၁၅) ကတည်းက လှိုင်သာယာတွင် အင်တာနက် ပြတ်တောက်နေပြီး လက်ရှိ နံနက် ၁၀ နာရီခွဲအချိန်ထိ အင်တာနက် ပြန်မရသေးကြောင်း လှိုင်သာယာမြို့နယ်နေသူများထံမှ သိရှိရသည်။ Myanmar Now

No comments: