Thursday, March 11, 2021

ဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်)

အမေရိကန်ဆီးနိတ် နိုင်ငံခြားရေးရာ ကော်မတီ ကြား‌နာမှုမှာ မဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်)

ဒီလို စကားပြောခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်ချိန်မှာ သူ့ဘက်က ပေးဆပ်ရမှာတွေ ရှိတယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် သူ လွတ်အောင် ရှောင်တိမ်းလို့ရမယ် ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်ပုံရတာ အထင်အရှားပါပဲ။ ဒါကြောင့် ကျွန်မတို့က သူ့အထင်မှားတယ် ဆိုတာ ပြသကြဖို့ အရမ်းအရေးကြီးပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထုကတော့ အရမ်းရဲရင့်ပြီး မင်းအောင်လှိုင် မှားတယ် ဆိုတာ အထင်အရှား ပြသနေကြပါတယ်။ စစ်တပ်က NLD ခေါင်းဆောင်တွေနဲ့ ကျမရဲ့ အဖေအပါအဝင် အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းလိုက်ပြီး သူတို့ နိုင်ပြီ၊ ဆန္ဒပြတာတွေ ဖြစ်မလာနိုင်ဘူးလို့ ထင်ထားခဲ့ကြတယ်။ ဒါပေမယ့် နှစ်သုံးဆယ်‌ကျော်အတွင်း အကြီးကျယ်ဆုံး ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ လူထုက ဘုတ်ပြားတွေ ထောင်ပြီး ဒီမိုကရေစီ တောင်းဆိုခဲ့ကြပါတယ်။ ဒီဘုတ်ပြားတွေမှာ အင်္ဂလိပ်လိုရေးထားကြတာဟာ ကမ္ဘာကြီးက ကူညီစေချင်လို့ပါ။ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေဟာ စစ်တပ်က တိုးတိုးပြီး ဖိနှိပ်ဖြိုခွင်းလာတာ ခံခဲ့ရတယ်။ နေ့တိုင်းနေ့တိုင်း ကျဆုံးသူတွေ ရှိနေပြီး ကလေးအရွယ်တွေရဲ့ ခေါင်းကိုပါ ပစ်သတ်ခဲ့ပါတယ်။ စစ်တပ်ဟာ သုံးလို့ရသမျှ လက်နက် သုံးပြီး လူထုရဲ့ အသံကို ပိတိဆို့ဖို့ ကြိုးစားနေပါတယ်။ အခုဆို ငြိမ်းချမ်းစွာ ဆန္ဒပြလို့ လူ ၆၀ ကျော် သေဆုံးခဲ့ပါပြီ။ အာဏာသိမ်းပြီးနောက် လူ ၂၀၀၀ ကျော် အဖမ်းဆီးခံထားရတယ်။ ဘယ်နှယောက် ပျောက်ဆုံးနေလဲဆိုတာ မသိရသေးပါဘူး။ သူတို့ကို တရားဝင် ဖမ်းဆီးတာလား ဆိုတာလည်း မသိရသေးသလို ရှေ့နေခေါ်ခွင့်လည်း မရှိပါ။ ဒီနေ့ဟာ ကျမအဖေရဲ့ မွေးနေ့ပါ။ အဖေက နိုင်ငံရေးပြော‌ဟောတဲ့အတွက် ထောင်ထဲရောက်နေတာများပြီး ကျမဘဝ တစ်ဝက်လောက်ဟာ မွေ့‌နေ့ ပွဲ အတူတူ ဆင်နွဲခွင့်မရခဲ့ပါ။ အဖေ့ကို ပထမဆုံး မှတ်မိနေတဲ့ အဖြစ်ကလည်း အင်းစိန်ထောင် သံတိုင်တွေကြားက အဖေပုံရိပ်ပါ။ နေသားကျသလိုဖြစ်နေပေမယ့် ကျမအတွက်တော့ အတော်ခက်ခဲပါတယ်။ တဆက်တည်းမှာပဲ ကျမ အသည်းနာပါတယ်။ ဒေါသထွက်ပါတယ်။ အခုဆိုရင် ကလေးတွေအများအပြားဟာ ကျမတို့လိုပဲ ခံစားရတော့မယ်။ မိဘနဲ့ကင်းပြီး ကြီးပြင်းရတော့မယ်။ ဘယ်တော့မှ ပြန်တွေ့ရမလဲ ဆိုတဲ့ စိတ်ကြီးနဲ့ ကြီးပြင်းရတော့မယ်။ ဒါမဖြစ်သင့်တော့ပါ။ စစ်တပ်က လူထုကို တိုက်ခိုက်တာတွေဟာ မြို့ကြီးပေါ်မှာမှမဟုတ်ဘူး။ ကရင်ပြည်မှာဆို စစ်တပ်ဟာ မော်တာဗုံးတွေနဲ့ ရွာတွေကို ပစ်ပါတယ်။ ရွာပေါင်း ၅၀၀၀ ကျော်ဟာ တောထဲပုန်းရှောင်နေရပါတယ်။ ရန်ကုန်နဲ့ အခြားမြို့ကြီးတွေမှာ စစ်ကားတွေ မြင်ကြရပေမယ့် တိုင်းရင်းသားနယ်တွေဆီက ထွက်ခွာသွားတာတော့ မဟုတ်ပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ တိုင်းရင်းသားနယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာခဲ့တယ်။ စစ်တပ်ဟာ ဘဏ္ဍာရေးပိတ်ဆို့မှု ဖြေလျော့မှုတွေ ရရှိလာခဲ့ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လုပ်နေခဲ့တယ်။ ဒီအခြေအနေဟာ စစ်တပ်ကို သူတို့ဟာ ဥပဒေ ပြစ်ဒဏ်က လွတ်မြောက်နေနိုင်တယ်ဆိုတဲ့ ယုံကြည်မှုကိုပေးပါတယ်။ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်လည်း သူတို့ လွတ်မြောက်နေတာပဲ ဆိုတဲ့ အတွေးကိုပေးပါတယ်။ အခုထိတော့ သူတို့ လွတ်မြောက်နေဆဲပါ။ အဲလို လွတ်မြောက်ခွင့်ပေးထားကြလို့လည်း အခုလို အာဏာသိမ်းပြီးလည်း အေးဆေး ‌လွတ်မြောက်နိုင်တယ်လို့ ယူဆကြတာပါပဲ။ မြန်မာလူထုက အာဏာသိမ်းမှုကို ကျဆုံးစေချင်ပါတယ်။ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ သူတို့အစိုးရကို လူထုက ပြနိတင်မြှောက်ချင်ပါတယ်။ ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေ အောက်ကိုတော့ ပြန်မသွားချင်တော့ပါ။ အမေရိကမှာဆို ကာကွယ်ရေး ဦးစီးချုပ်က ဝန်ကြီးသုံးယောက် ခန့်မယ်ဆို ဘယ်သူမှ သဘောမတူဘူး။ ကွန်ဂရက်ရဲ့ ၂၅% ကို စစ်တပ်က တင်မယ်ဆို ဘယ်သူမှသဘောမတူဘူး။ အမေရိကန်တွေ သဘောမတူသလို ကျမတို့ မြန်မာတွေလည်း သဘောမတူနိုင်ဘူး။ မြန်မာလူထုက အသက်တွေနဲ့ ရင်းပြီး ဖက်ဒရယ်ဒီမိုကရေစီကို တောင်းဆိုနေကြတယ်။ စစ်တပ်မှားတာက လူထုရဲ့ သတ္တိနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို လျှော့တွက်ခဲ့တာပါ။ ဒါပေမယ့် အခုထိ မင်းအောင်လှိုင် မမှားတာက နိုင်ငံတကာ တုန့်ပြန်မှုဟာ ချိနဲ့နေမှာပဲ လို့မှန်းခဲ့တာပါ။ မြန်မာကို တစ်သက်လုံး စစ်တိုက်လာတဲ့ မာကျောတဲ့ စစ်သားတွေက ဖိစီးနေတာပါ။ သံတမန်တွေ မဟုတ်ပါ။ စတိတ်မန့်တွေ ထုတ်နေတာနဲ့ မရနိုင်ပါ။ ကျမတို့က လက်တွေ့တော့ကျရမယ်။ နိုင်ငံတကာအရေးယူမှုတွေချည်း အားကိုးပြီး တိုင်းပြည်မလွတ်မြောက်နိုင်ဘူးဆိုတာလည်း လက်ခံပါတယ်။ ကျမတို့ဟာ ကိုယ့်အားကိုယ်ကိုးပြီး လွတ်လပ်အောင် ကြိုးစားရမှာပါ။ ဒါပေမယ့် နိုင်ငံတကာ အရေးယူမှုတွေက အရေးပါတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အခွင့်အရေးရတုန်း အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်၊ ငွေကြေးတွေကို ထိမ်းချုပ်၊ ပြီးတော့ ကုမ္ပဏီသုံးခုကို ပိတ်ဆို့လိုက်တဲ့ အလုပ်တွေ အတွက်ပါ။ အမေရိကန်ပြည်‌ထောင်စုဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထွန်းကားဖို့ ရှေ့ဆုံးက ကြိုးစားတဲ့ နိုင်ငံဖြစ်ပါတယ်။ အထူးပဲ ကျေးဇူးတင်ပါတယ်။ ‌အမေရိကက လုပ်နိုင်တာတွေ လုပ်ရမှာတွေလည်း အများကြီး ရှိပါသေးတယ်။ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီပွားတွေကို ပိတ်ဆို့ရပါမယ်။ စစ်တပ်ရဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ရပါမယ်။ ဘဏ္ဍာရေး အာမခံ စတာတွေပါရပါမယ်။ စစ်တပ်က အစိုးရအဖွဲ့ကို ထိမ်းချုပ်တာနဲ့ ရေနံ သဘာဝဓာတ်ငွေ့၊ ကုန်သွယ်ရေး၊ သစ်၊ ကျောက်မျက် စတဲ့ ငွေဝင်လမ်းတွေကိုပါ ပိတ်ဆို့ရမှာပါ။ ဒီလို ပစ်မှတ်ထားပိတ်ဆို့မှုတွေကို လုပ်ဖို့ ယူကေ နဲ့ အီးယူ လို မဟာမိတ်တွေနဲ့ ကျေးဇူးပြုပြီး ပူပေါင်းဆောင်ရွက်ပေးပါ။ အမေရိကန်နိုင်ငံက လက်နက်ပိတ်ဆို့မှု ရှိပေမယ့် အခြားနိုင်ငံအများမှာ အဲဒါမျိုး မရှိပါ။ မဟာမိတ်တွေနဲ့ ပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ စစ်ရေးလက်နက်ပိတ်ဆို့မှု ဖြစ်လာအောင် ကြိုးစားပေးပါ။ အမေရိက က လုပ်နိုင်ဖွယ်ရာ အဆင့်များကို အသေးစိတ် ရေးထားတဲ့ စာတမ်းလည်း ရှိပါတယ်။ လုပ်စရာတွေ အများကြီးပါ။ သံတမန်ရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု၊ ဥပဒေရေးရာ စတာတွေပါ။ မြန်မာနိုင်ငံမှာ လူထုက နေ့ထိုင်း လမ်းပေါထွက် ဆန္ဒပြနေကြပါတယ်။ အပစ်ခံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ အဖမ်းခံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ အရိုက်ခံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြနေကြတယ်။ အသက်နဲ့ရင်းပြီး လုပ်လို့ရနိုင်သမျှ လုပ်နေကြတာပါ။

ကျမတောင်းဆိုချင်တာက ရှင်တို့မှ ရှိသမျှနည်းလမ်း ရှိသမျှ လက်နက်ကိရိယာ အကုန်သုံးပြီး ကျမတို့ကို ကူကြပါ။ ကျေးဇူးတင်ပါတယ်။

၂၀၂၁၀၃၁၁

No comments: